Latest News

Home / စီးပွားရေးသတင်းများ / ကိုးရီးယား-မြန်မာ စက်မှုမြို့တော်စီမံကိန်းကို ယခုနှစ် အောက်တိုဘာလတွင် စတင်နိုင်မည်ဟု ခန့်မှန်း

ကိုးရီးယား-မြန်မာ စက်မှုမြို့တော်စီမံကိန်းကို ယခုနှစ် အောက်တိုဘာလတွင် စတင်နိုင်မည်ဟု ခန့်မှန်း

၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၁၀ ရက်နေ့တွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး၀န်ကြီးဌာန၊ ပြည်ထောင်စု၀န်ကြီး ဦးသောင်းထွန်းနှင့် မြန်မာနိုင်ငံဆိုင်ရာ ကိုးရီးယားသံအမတ်ကြီး Mr Lee Sang-hwa တို့ video conferencing ဖြင့် တွေ့ဆုံဆွေးနွေးချက်အရ ရန်ကုန်တိုင်းဒေသကြီး၊ ညောင်နှစ်ပင်ကျေးရွာ၊ လှည်းကူးမြို့နယ်တွင် တည်ဆောက်မည့် ကိုးရီးယား-မြန်မာ စက်မှုမြို့တော်စီမံကိန်းကို အောက်တိုဘာလတွင် စတင်နိုင်မည်ဟု သိရှိရသည်။
အဆိုပါ စီမံကိန်းကို မြေဧကစုစုပေါင်း ၅၅၆ ဧကပေါ်တွင် တည်ဆောက်မည်ဖြစ်ပြီး အဆင့်နှစ်ဆင့်ခွဲ၍ အကောင်အထည်ဖော်မည်ဖြစ်သည်။ ပထမအဆင့်ကို ၂၀၁၉ ခုနှစ်မှ ၂၀၂၁ အတွင်း မြေဧက ၃၁၄.၆၉ ဧက ပေါ်တွင်လည်းကောင်း၊ ဒုတိယအဆင့်ကို ၂၀၂၂ ခုနှစ်မှ ၂၀၂၄ ခုနှစ်အတွင်း မြေဧက ၂၄၁.၁၂ ဧကပေါ်တွင်လည်းကောင်း တည်ဆောက်မည်ဖြစ်သည်။ စီမံကိန်းအတွက် အသေးစိတ်ဒီဇိုင်းရေးဆွဲရန်အတွက် ကိုးရီးယားအခြေစိုက်ကုမ္ပဏီတခုဖြစ်သော Kyong Dong Engineering Co., Ltd က တင်ဒါအောင်မြင်ထားပြီး အကြီးစား၊ အလတ်စား၊ အသေးစား စက်မှုလုပ်ငန်းများဟု သုံးပိုင်းခွဲ၍ အထည်ချုပ်လုပ်ငန်းများအတွက် စက်ရုံများနှင့် ဂိုဒေါင်များ၊ စားသောက်ကုန်ထုတ်လုပ်မှုလုပ်ငန်းများ၊ လက်၀တ်ရတနာပြုလုပ်သောစက်ရုံများ၊ မော်တော်ယာဥ်အပိုပစ္စည်း ထုတ်လုပ်ရေးစက်ရုံများ ပါ၀င်မည်။
ထို့အပြင် လူနေအိမ်ရာများ၊ စီးပွား‌ရေးလုပ်ငန်းသုံးအဆောက်အအုံများ၊ အသက်မွေး၀မ်းကျောင်းသင်တန်းအဆောက်အအုံများ၊ ရေထုတ်စနစ်၊ လျှပ်စစ်ဓာတ်အားပေးစက်ရုံများ၊ စိမ်းလန်းစိုပြည်ရေးစီမံကိန်းများနှင့် ရေဆိုးသန့်စင်စက်ရုံများလည်း ပါ၀င်မည်ဖြစ်သည်။ အဆိုပါစီမံကိန်းကို ရင်းနှီးမြှုပ်နှံသူများအား ဆွဲဆောင်နိုင်သည့် စီမံကိန်းတခုဖြစ်စေရန် အသေးစိတ်စီမံထားပြီး ၎င်းစီမံကိန်းကြီးပြီးစီးပါက အလုပ်အကိုင်ပေါင်း ၅၀,၀၀၀ မှ ၁၀၀,၀၀၀ ကြား ဖန်တီးပေးနိုင်မည်ဟု ခန့်မှန်းထားသည်။
ကိုးရီးယား-မြန်မာ စက်မှုမြို့တော်စီမံကိန်းကို ကိုးရီးယားလက်အောက်ခံ အဖွဲ့အစည်းတခုဖြစ်သည့် Korea Land and Housing Corporation က ၄၀ ရာခိုင်နှုန်း၊ ကိုးရီးယားပိုင် ကုမ္ပဏီတခုဖြစ်သော Global SAE-A Co.,Ltd က ၂၀ ရာခိုင်နှုန်းနှင့် မြန်မာနိုင်ငံကိုယ်စား ဆောက်လုပ်ရေး၀န်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာစီမံကိန်းဦးစီးဌာနတို့က ၄၀ ရာခိုင်နှုန်းဖြင့် အကျိုးတူပူးပေါင်းဆောင်ရွက်ထားပြီး ခန့်မှန်းကုန်ကျစရိတ် အမေရိကန်ဒေါ်လာသန်း ၁၁၀ ခန့် ရှိမည်ဖြစ်ကြောင်း သိရသည်။
#Ref:Global New Light of Myanmar & other relevant website
Photo credit – KMIC website and google