Latest News

Home / စီးပွားရေးသတင်းများ / မစ်ဆူဘီရှီကားကုမ္ပဏီက မြန်မာနိုင်ငံတွင် ကားထုတ်လုပ်ရန်စဥ်းစားနေ

မစ်ဆူဘီရှီကားကုမ္ပဏီက မြန်မာနိုင်ငံတွင် ကားထုတ်လုပ်ရန်စဥ်းစားနေ

Mitsubishi Motors ၏ CEO ဖြစ်သူ Mr. Takao Kato က မစ်ဆူဘီရှီကားများကို မြန်မာနိုင်ငံတွင် ထုတ်လုပ်ရန် စဥ်းစားနေကြောင်း Nikkei သတင်းစာနှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။ Covid-19 ၏ အကျိုးသက်ရောက်မှုများကြောင့် စီးပွားရေးများ ကျဆင်းနေသော်လည်း စျေးကွက်အားသာချက်ရှိနေဆဲဖြစ်သည့် အရှေ့တောင်အာရှဒေသတွင် ရင်းနှီးမြှုပ်နှံလိုသည်ဟု Mr. Kato က ပြောသည်။

 

၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လကုန်တွင် ထုတ်‌ပြန်ခဲ့သည့် Mitsubishi Motors ၏ ဘဏ္ဍာရေးစာရင်းရှင်းတမ်းတွင် ပါရှိသော Mid-Term Business Plan တွင်လည်း စီးပွားရေးချဲ့ထွင်မည့်ဗျူဟာများကို ပြန်လည်ရေးဆွဲထားပြီး နောင်လာမည့်နှစ်များအတွက် စုစုပေါင်းရောင်းအား၏ လေးပုံတပုံခန့်ရှိသော အရှေ့တောင်အာရှနိုင်ငံများတွင်သာ အဓိကအာရုံစိုက်၍ စီမံခန့်ခွဲမှုများ ပြုလုပ်သွားမည်ဟု ဖော်ပြထားသည်။

 

 

Mitsubishi Motors သည် လက်ရှိတွင် ထိုင်း၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင် နှင့် ဗီယက်နမ်နိုင်ငံများတွင် စက်ရုံများတည်ဆောက်ထားပြီး ဗီယက်နမ်တွင် စက်ရုံအသစ်တည်ထောင်ရန် စီစဥ်ထားသော်လည်း မြန်မာနိုင်ငံကိုပါ ထည့်သွင်းလျာထားကြောင်းသိရသည်။ စတင်မည့်အချိန်ကာလ၊ စတင်မည့်ပုံစံ အစရှိသည့် အသေးစိတ်အချက်အလက်များကို မဆုံးဖြတ်ရသေးသော်လည်း မြန်မာနိုင်ငံ၏ စျေးကွက်ကို ကောင်းစွာနားလည်ပြီးဖြစ်သော Mitsubishi Corporation နှင့် ပူးပေါင်းဆောင်ရွက်လိုသည်ဟု Mr. Kato က ဆိုသည်။

 

အခြားတဖက်တွင်လည်း ဥရောပနှင့်အခြားနိုင်ငံများရှိ စျေးကွက်ကိုလျှော့ချရန် စီစဥ်ထားသည်။ နောင်လာမည့် နှစ်နှစ်အတွင်း ပုံသေကုန်ကျစရိတ်များကို ၂၀ ရာခိုင်နှုန်းအထိ လျှော့ချမည့်မူဝါဒကို ရေးဆွဲထားပြီး ၎င်းမူဝါဒတွင် မိမိသဘောဆန္ဒအလျောက် နှုတ်ထွက်စေခြင်းအပါအ၀င်၊ လူသစ်ခန့်အပ်မှုကန့်သတ်ခြင်း၊ လုပ်ခလစာစနစ်များကို ပြန်လည်သုံးသပ်ခြင်းနှင့်အတူ အခြားဆက်စပ်လျက်ရှိသော အလုပ်သမားကုန်ကျစရိတ်များကိုလည်း ၂၀၁၉ ခုနှစ်၏ကုန်ကျစရိတ်များထက် ၁၅ ရာခိုင်နှုန်း လျှော့ချမည်ဟု သိရသည်။

 

၂၀၂၀ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ ရေးဆွဲထားသော Mid-Term Business Plan အရ Mitsubishi Motors ၏ ‌စျေးကွက်ကို အရှေ့တောင်အာရှဒေသတွင် အဓိကထိုးဖောက်ရန်လျာထားပြီး Mitsubishi Corporation နှင့် ပူးပေါင်းကာ ဗီယက်နမ်၊ မလေးရှားနှင့် မြန်မာနိုင်ငံတို့တွင် ထုတ်လုပ်မှုတိုးမြှင့်ရန် ထည့်သွင်းရေးဆွဲထားသည်ကို တွေ့ရသည်။

 

#Ref to 日経経済新聞、Mitsubishi Motors FY2020 First Quarter Financial Results
Photo credit to Mitsubishi Motors Homepage