Latest News

Home / စီးပွားရေးသတင်းများ / မြန်မာနိုင်ငံ၏ အကြီးဆုံးစျေး၀ယ်စင်တာဖြစ်လာမည့် AEON MALL ကို ဒဂုံဆိပ်ကမ်းမြို့နယ်တွင် တည်ဆောက်မည်

မြန်မာနိုင်ငံ၏ အကြီးဆုံးစျေး၀ယ်စင်တာဖြစ်လာမည့် AEON MALL ကို ဒဂုံဆိပ်ကမ်းမြို့နယ်တွင် တည်ဆောက်မည်

ဂျပန်နိုင်ငံ၏ ပြိုင်ဘက်ကင်းစျေး၀ယ်စင်တာလုပ်ငန်းကို ဦးဆောင်လျက်ရှိသည့် AEON MALL Co., Ltd က မြန်မာနိုင်ငံတွင် သူ၏ ပထမဆုံးစျေး၀ယ်စင်တာကို Shwe Taung Real Estate Co., Ltd နှင့် အကျိုးတူပူးပေါင်း ဆောင်ရွက်သွားမည်ဟု သိရသည်။

 

အဆိုပါ စျေး၀ယ်စင်တာကို ရန်ကုန်မြို့၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ရွှေလီလမ်းနှင့် ဧရာ၀ဏ်လမ်းထောင့်ရှိ ၁၇.၆၃၂ ဧက (၇၂,၀၀၀ စတုရန်းမီတာ) ကျယ်၀န်းသော မြေပေါ်တွင် တည်ဆောက်မည်ဖြစ်ပြီး စုစုပေါင်းအထပ် (၅) ထပ်ပါရှိမည်။ ဆိုင်ခန်းပေါင်း ၂၀၀ ခန့်ထည့်သွင်းတည်ဆောက်မည်ဖြစ်ကာ စုစုပေါင်းအကျယ်အ၀န်းမှာ (၁.၂) သန်းစတုရန်းပေခန့်ရှိပြီး ကားပါကင် (၂,၃၀၀) ခန့်ပါရှိမည်ဖြစ်သည်။ ၂၀၂၁ ခုနှစ် နှစ်ဦးပိုင်းတွင် တည်ဆောက်‌ရေးလုပ်ငန်းများစတင်ကာ ၂၀၂၃ ခုနှစ်တွင် စတင်ဖွင့်လှစ်နိုင်ရန် ရည်ရွယ်ထားသည်။

 

အမေရိကန်ဒေါ်လာ ၁၈ သန်းခန့်ကုန်ကျမည့် ၎င်းရင်းနှီးမြှုပ်နှံမှုကို AEON MALL MYANMAR Co., Ltd (AEON MALL) က ၇၀ ရာခိုင်နှုန်း Shwe Taung Real Estate Co., Ltd က ၃၀ ရာခိုင်နှုန်း အသီးသီး အစုရှယ်ယာထည့်၀င်ထားသည်။ AEON MALL သည် ဂျပန်နိုင်ငံတွင် စျေး၀ယ်စင်တာပေါင်း ၁၄၂ ခု၊ တရုတ်နိုင်ငံတွင် ၂၁ ခုနှင့် ဗီယက်နမ်၊ ကမ္ဘောဒီးယားနှင့် အင်ဒိုနီးရှား ၃ နိုင်ငံတွင် ၉ ခု၊ စုစုပေါင်းစျေး၀ယ်စင်တာ ၁၇၂ ခုကို လည်ပတ်လုပ်ကိုင်လျက်ရှိသော လုပ်ငန်းကြီးတခုဖြစ်သည့်အားလျော်စွာ Shwe Taung Real Estate Co., Ltd သည်လည်း ၁၉၉၉ ခုနှစ်မှစတင်ကာ Junction အမည်ရှိ စျေး၀ယ်စင်တာများကို စတင်မိတ်ဆက်ခဲ့ပြီး လက်ရှိတွင် Junction Center ပေါင်း (၆) ခုကို ဖွင့်လှစ်ထားကာ အခြားမြို့ပြဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများကို ဦးဆောင်လုပ်ကိုင်နေသည့် ကုမ္ပဏီတခုဖြစ်သည်။

 

“Junction ဟာ မြန်မာပြည်စျေး၀ယ်သူတွေအနေနဲ့ ဆယ်စုနှစ်နှစ်ခုတိုင်အောင် အလွန်ရင်းနှီးပြီးသား နာမည်တခုပါ။ ကျွန်မတို့ရဲ့ ဆိုင်ခန်းငှားရမ်းသူတွေ၊ စျေး၀ယ်သူတွေနဲ့ လူမှုပတ်၀န်းကျင်မှာရှိတဲ့ ပြည်သူအများဆီကို သစ်လွင်ဆန်းကျယ်တဲ့ စျေး၀ယ်မှုအတွေ့အကြုံဆန်းတွေနဲ့ လူနေမှုပုံစံသစ်တွေကို ဖော်ဆောင်ပေးဖို့ အခုလို AEON MALL နှင့်အတူ ပူးပေါင်းလုပ်ကိုင်နိုင်တဲ့အတွက် စိတ်လှုပ်ရှား၀မ်းသာမိပါတယ်” ဟု Shwe Taung Real Estate ၏ အမှုဆောင်အရာရှိချုပ် ဒေါ်စန္ဒာထွန်းက ပြောကြားခဲ့သည်။

 

AEON MALL ၏ မန်းနေးဂျင်းဒါရိုက်တာ Mr. Mitsugu Tamai က “ကျွန်တော်တို့အနေနဲ့ မြန်မာနိုင်ငံရဲ့ စျေး၀ယ်စင်တာလုပ်ငန်း ပိုမိုဖွံ့ဖြိုးစေဖို့ Shwe Taung Real Estate နဲ့ ပူးပေါင်းလုပ်ကိုင်ရတဲ့အတွက် အရမ်း၀မ်းသာမိပါတယ်။ AEON MALL ရဲ့ ဂျပန်၊ တရုတ်နဲ့ အာဆီယံဒေသအတွင်းမှာ ရရှိထားတဲ့ စျေး၀ယ်စင်တာလုပ်ငန်းအတွေ့အကြုံ၊ ဗဟုသုတတွေနဲ့ မြန်မာနိုင်ငံစားသုံးသူတွေကို အဆင့်မြင့်စျေး၀ယ်ဇုန်တွေ အဆင့်မြင့်စျေး၀ယ်ဇုန်တွေ၊ အပန်းပြေဖျော်ဖြေရေးနေရာတွေနဲ့ ဒေသတွင်းလူမှုရေးအသိုက်အ၀န်းရဲ့ ပလက်ဖောင်းတခုကတဆင့် လူနေမှုပုံစံအတွေ့အကြုံအသစ်တွေကို ကျွန်တော်တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုက ပေးအပ်နိုင်မယ်လို့ ယုံကြည်ပါတယ်။ AEON MALL ဟာ မြန်မာနိုင်ငံပိုမိုဖွံ့ဖြိုးတိုးတက်မှုနဲ့ စီးပွားရေးပြန်လည်ဆန်းသစ်မှု ရရှိစေရေးကို ပါ၀င်ပံ့ပိုးခွင့်ရတဲ့အတွက် ဂုဏ်ယူမိပါတယ်” ဟု ပြောကြားခဲ့သည်။

 

ဒဂုံဆိပ်ကမ်းမြို့နယ်သည် Shwe Taung Real Estate Co., Ltd က မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးစီမံကိန်းများကို အကောင်အထည်ဖော်လျက်ရှိသော နေရာဖြစ်သည့်အပြင် သီလ၀ါစက်မှုဇုန်နှင့်လည်း နီးကပ်လျက်ရှိကာ အခြားစက်မှုဇုန်များသို့လည်း သွားလာရလွယ်ကူပြီး နောင်တွင် လူဦးရေ ၁ သန်းခန့်နေထိုင်မည့် မြို့နယ်ဖြစ်လာနိုင်သည်ဟု ခန့်မှန်းထားသောကြောင့် ဒဂုံဆိပ်ကမ်းမြို့နယ်တွင် တည်ဆောက်ရန် ရွေးချယ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

 

AEON MALL သည် ၂၀၂၆ ခုနှစ်မတိုင်မီ တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံများတွင် ၎င်း၏စျေး၀ယ်စင်တာများကို လက်ရှိ အခု ၃၀ ရှိရာမှ ၇၀ ခုအထိ တိုးချဲ့ဖွင့်လှစ်ရန်လည်း အစီအစဥ်ဆွဲထားသည်။

 

#Ref and #Photocredi to Press release of AEON Mall and Shwe Taung Group, 日経経済新聞