Latest News

Home / စီးပွားရေးသတင်းများ / ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ်စီမံကိန်း၏ ပထမအဆင့် Hantharwaddy New International Airport Project (Phase 1) အတွက် Cut-Off Date ကြေညာခြင်း

ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ်စီမံကိန်း၏ ပထမအဆင့် Hantharwaddy New International Airport Project (Phase 1) အတွက် Cut-Off Date ကြေညာခြင်း

မြန်မာနိုင်ငံပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ Japan International Cooperation Agency (JICA) ၏ အကူအညီဖြင့် ပဲခူးမြို့အနောက်ဘက်တွင် တည်ဆောက်ရန်လျာထားသော ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ်စီမံကိန်း၏ ပထမအဆင့် Hantharwaddy New International Airport Project (Phase 1) အတွက် Cut-Off Date ကို ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ (၂၅) ရက်နေ့ အဖြစ် ကြေညာလိုက်ကြောင်း သိရှိရပါသည်။ Cut-Off Date သတ်မှတ်ကြေညာခြင်း၏ ရည်ရွယ်ချက်မှာ စီမံကိန်းကြောင့် အမှန်တကယ်ထိခိုက်ခံစားရသူများကို အခြားသောရည်ရွယ်ချက်ဖြင့် စီမံကိန်းဧရိယာအတွင်းသို့ ဝင်ရောက်နေထိုင်သူများမှ ခွဲခြားသတ်မှတ်နိုင်ရန်ဖြစ်ကြောင်းနှင့် ဤရက်စွဲ စတင်သတ်မှတ်ပြီးသည့်နေ့မှစ၍ အဆိုပါစီမံကိန်းဧရိယာအတွင်းရှိ လူပုဂ္ဂိုလ်နှင့် အိမ်ထောင်စုများ၊ အဆောက်အဦများ တိုးချဲ့တည်ဆောက်မှုများနှင့် အခြားသော ရွှေ့ပြောင်း၍မရသည့် ပိုင်ဆိုင်မှုများအပေါ် စစ်တမ်းကောက်ယူခြင်းများ ပြုလုပ်ဆောင်ရွက်၍ မှတ်တမ်းရယူသွားမည် ဖြစ်သည်။ သို့ဖြစ်၍ Cut-Off Date နောက်ပိုင်း ဝင်ရောက်ကျူးကျော်အခြေချနေထိုင်သူများအနေဖြင့် မြေယာလျော်ကြေးနှင့် အခြားသော မည်သည့်ပြန်လည်နေရာချထားရေးအစီအစဥ်များတွင်မျှ အကျုံးဝင်မည် မဟုတ်ကြောင်း အသိပေးကြေညာထားသည်။

ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ်စီမံကိန်း (ပထမအဆင့်) ၏ ခရီးသည်လက်ခံနိုင်မည့် ခန့်မှန်းပမာဏမှာ တနှစ်လျှင် ပျမ်းမျှ ခရီးသည် ၈ သန်းနှုန်းဖြစ်ပြီး မီတာ ၃,၆၀၀ အရှည်ရှိသော ပင်မလေယာဥ်ပြေးလမ်းကြောင်းတခု၊ ချဥ်းကပ်လမ်းကြောင်းများနှင့် အခြားသောအခြေခံအဆောက်အဦများ ပါဝင်မည်ဖြစ်သည်။ စီမံကိန်း (ပထမအဆင့်) အတွက် ရယူဆောင်ရွက်သွားမည့် မြေဧရိယာစုစုပေါင်းမှာ ၇၂၀ ဟက်တာ (၁,၇၇၉.၁၆ ဧက) ဖြစ်ပြီး တည်နေရာအတိအကျကို P1 မှ P17 ထိ ကိုသြဒိနိတ်အမှတ်များနှင့်တကွ အထက်ပါပုံတွင် ဖော်ပြထားပါသည်။

Credit to ကြေးမုံသတင်းစာ