Latest News

Home / စီးပွားရေးသတင်းများ / Kirin ဘီယာကုမ္ပဏီက Myanmar Brewery နှင့် ဖက်စပ်လုပ်ငန်းကို ဖျက်သိမ်း၍ ပြည်တွင်းရင်းနှီးမြှုပ်နှံသူအသစ်ကို ရှာဖွေလျက်ရှိ..

Kirin ဘီယာကုမ္ပဏီက Myanmar Brewery နှင့် ဖက်စပ်လုပ်ငန်းကို ဖျက်သိမ်း၍ ပြည်တွင်းရင်းနှီးမြှုပ်နှံသူအသစ်ကို ရှာဖွေလျက်ရှိ..

Kirin Holdings Co. , Ltd. (Kirin ဘီယာ) က မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် (Myanmar Brewery) နှင့် ဖက်စပ်လုပ်ငန်းသဘောတူစာချုပ်ကို ဖျက်သိမ်းမည်ဟု ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။ ဤရင်းနှီးမြှုပ်နှံမှုသည် အာဏာသိမ်းမှုကို ဦးဆောင်ခဲ့သည့် မြန်မာစစ်တပ်အတွက် ရန်ပုံငွေအရင်းအမြစ်ဖြစ်နေကြောင်း ကုလသမဂ္ဂက ထောက်ပြခဲ့သည်။ Kirin အနေဖြင့် မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ငန်းဆက်လက်လုပ်ကိုင်လိုပြီး စစ်တပ်နှင့်မပတ်သတ်သည့် ပြည်တွင်းကုမ္ပဏီတခုခုနှင့် ပူးပေါင်းဆောင်ရွက်လိုသော်လည်း အပြီးသတ် ပြန်ရုတ်သိမ်းမည့်အလားအလာလည်းရှိသည်။

Kirin Holdings Co., Ltd. ၏ ထုတ်ပြန်ကြေညာချက်အရ မြန်မာစစ်တပ်၏ အာဏာသိမ်းမှုသည် ကျွန်ုပ်တို့၏ စီးပွားရေးစံနှုန်းများနှင့် လူ့အခွင့်အရေးပေါ်လစီများနှင့် ဆန့်ကျင်သည် ဟုဆိုကာ လက်နက်ဖြင့်နိုင်ငံတော်အာဏာကို သိမ်းယူခဲ့ခြင်းကို အပြစ်တင်ဝေဖန်ခဲ့သည်။ ထို့ကြောင့် စစ်တပ်၏ စီးပွားရေးဖြစ်သော မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်နှင့် ဖက်စပ်လုပ်ငန်းလုပ်ကိုင်နေခြင်းကို မဖြစ်မနေဖျက်သိမ်းရမည် ဟုလည်း ဖော်ပြထားသည်။

Kirin Holdings Co., Ltd. သည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီအကူးအပြောင်းအားကောင်းလာသည့် ၂၀၁၅ ခုနှစ်တွင် Kirin Holdings Singapore မှတဆင့် Myanmar Brewery ၏ ရှယ်ယာများကို ဝယ်ယူပြီး လုပ်ငန်းစတင်လုပ်ကိုင်ခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင် ဘီယာကုမ္ပဏီနှစ်ခုကို လုပ်ကိုင်နေပြီး ကုမ္ပဏီနှစ်ခုလုံးတွင် Kirin Holdings Co., Ltd က 51%, မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်က 49% ပိုင်ဆိုင်သည်။ ယခုအခါ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်၏ အစုရှယ်ယာကို အမြန်ဆုံးရောင်းချရန် အဆိုပြုထားကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် အဖျော်ယမကာလုပ်ငန်းလုပ်ကိုင်နိုင်ရန်အတွက် ပြည်တွင်းကုမ္ပဏီက အစုရှယ်ယာ ၂၀ ရာခိုင်နှုန်းအနည်းဆုံးပါဝင်ရန်လိုအပ်ပြီး နိုင်ငံခြားပိုင် Kirin Holdings Co. , Ltd. သည် အများဆုံး ၈၀ ရာခိုင်နှုန်းအထိသာ ရှယ်ယာပိုင်ဆိုင်ခွင့်ရှိသည်။  ထို့ကြောင့် Kirin Holdings Co. , Ltd. အနေဖြင့် စစ်တပ်နှင့်မပတ်သတ်သည့် ရင်းနှီးမြှုပ်နှံသူအသစ်ကို ရှာဖွေရန်လိုအပ်နေသည်။ သို့သော် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်အနေဖြင့် ရှယ်ယာများထုတ်ရောင်းရန်တောင်းဆိုချက်ကို လိုက်လျောမည် မလိုက်လျောမည်နှင့် ရင်းနှီးမြှုပ်နှံသူအသစ်ကို အချိန်တိုအတွင်း ပြန်လည်ရှာ၍ ရနိုင်မရနိုင်မှာ Kirin အတွက်  ခန့်မှန်း၍မရသည့် ပြဿနာဖြစ်နေသည်။

လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့၏  Asia program officer တဦးဖြစ်သူ Mr. Teppei Kasai ကမူ မြန်မာစစ်တပ်နှင့် ပူးပေါင်းဆောင်ရွက်နေသည့် မည်သည့်နိုင်ငံခြားဖက်စပ်လုပ်ငန်းမဆို Kirin Holdings Co. , Ltd. ၏ လမ်းစဥ်ကို လိုက်သင့်သည်ဟု ပြောကြားလိုက်သည်။

Source: 日経経済新聞、Nikkei Asia Review